22/09/2026
ဗိသုကာဆိုတာ အဆောက်အအုံတွေ သက်သက်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုနဲ့ စပေ့စ်ကြားက ဆက်နွှယ်မှုဖြစ်ပါတယ်။ARCHIFESTO E-Book မထွက်ခင် စာအုပ်ရဲ့ အဓိက အသက်ဝိညာဉ်ဖြစ်တဲ့ အတွေးအခေါ် အချို့ကို Teaser စာမျက်နှာအဖြစ်မျှဝေပေးလိုပါတယ်။ဗိသုကာပညာရပ်ရဲ့ လေးနက်မှုကို နယ်ပယ်ပေါင်းစုံက စာဖတ်သူ လွယ်လွယ်ကူကူ ခံစားနားလည်နိုင်အောင် ဖော်ပြထားပါတယ်။
ကျွန်ုပ်တို့နှင့် ရေသုံးစွဲမှုပုံစံကြားက ဂျီဩမေတြီနှင့် ရူပဗေဒ
မိတ်ဆွေတို့ သတိထားမိလားမသိဘူး... ကျွန်တော်တို့ လူသားတွေဟာ သဘာဝတရားကပေးတဲ့ ရေကို ထိထိရောက်ရောက် သောက်သုံးနိုင်ဖို့အတွက်ကိုပဲ သမိုင်းတစ်လျှောက် အတော်လေး ရုန်းကန်ခဲ့ကြရတာပါ။ လက်ဖဝါးလေးနဲ့ ခပ်သောက်ရာကနေ အဆင်ပြေအောင် ခွက်တွေ သွန်းလုပ်ခဲ့ကြတယ်၊ အဲဒီကမှတစ်ဆင့် ပိုက်ကလေးတွေနဲ့ စုပ်သောက်တဲ့အထိ ပြောင်းလဲလာခဲ့ကြတယ်။ ဒီနေရာမှာ လူအများစု ကျော်သွားတတ်တဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ဟာ ရေကို ထိန်းချုပ်ဖို့အတွက် "ဂျီဩမေတြီ" ဆိုတဲ့ ပုံသဏ္ဌာန်တွေကို စတင်အသုံးပြုခဲ့ကြတာပါ။ ခွက်တစ်ခွက်ကိုပဲ ကြည့်ကြည့်... ရေကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက် (Purpose)၊ ရေဒဏ်ခံနိုင်မယ့် ကုန်ကြမ်း (Material)၊ ခွက်ပုံစံဖြစ်လာအောင် တည်ဆောက်ပုံ (Construction) နဲ့ စားပွဲပေါ်တင်ရင် ကြည့်လို့လှမယ့် အနုပညာ (Art & Soul) တွေအပြင်၊ ရွှေခွက် ငွေခွက်ဆိုပြီး အဆင့်အတန်းဖော်ပြတဲ့ လူမှုရေးကဏ္ဍ (Social Class) ပါ ဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် ပိုက်နဲ့စုပ်သောက်တဲ့အခါ လေကိုမောင်းထုတ်ပြီး လေဟာနယ်ဖန်တီးလိုက်တဲ့ "စုပ်ယူမှုရူပဗေဒ" (Suction Physics) နိယာမကလည်း ချက်ချင်းသက်ရောက်သွားပြန်ရော။ ဒါဟာ အခြားမဟုတ်ပါဘူး... ရိုးရှင်းပါတယ်ဆိုတဲ့ ခွက်တစ်ခွက်ရဲ့ နောက်ကွယ်မှာတင်ပဲ နယ်ပယ်ပေါင်းစုံဟာ ဗိသုကာဆိုတဲ့ တံတားကြီးအောက်မှာ ချိတ်ဆက်ပြီး လူသားတို့ရဲ့ ရှင်သန်မှုကို အလုပ်အကျွေးပြုနေခဲ့တာ ဖြစ်ပါတယ်။
အမိုးခုံးမှသည် ဘိုင်ဇန်တိုင်းခေတ်အထိ ဂျီဩမေတြီရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ရူပဗေဒအနုပညာ
နောက်ထပ် ရင်သပ်ရှုမောစရာ ကဏ္ဍတစ်ခုကို ကြည့်လိုက်ရအောင်။ ဆောက်လုပ်ရေးလောကမှာ ကျွန်တော်တို့ဟာ ဂျီဩမေတြီကို ဆရာကျကျ ကစားပြီး ဒြပ်ဆွဲအားနိယာမကို ဘယ်လိုတောင် အနိုင်ပိုင်းခဲ့ကြလဲဆိုတာ သမိုင်းက သက်သေပြနေပါတယ်။ အစပိုင်းမှာ ရိုးရိုးရှင်းရှင်း အုတ်ခဲတွေကို ကွေးကွေးလေး ဆင့်စီပြီး အပေါ်ကကျလာတဲ့ ဒေါင်လိုက်ဝန်အား (Vertical Load) ကို ဘေးဘက်ဆီ ဖြန့်ထုတ်ပစ်တဲ့ အခြေခံ "အမိုးခုံး" (Arch) ကို စတင်ခဲ့ကြတယ်။ အဲဒီကနေ ဒီအမိုးခုံးကို နောက်ဘက်ဆီ ရှည်ရှည်ကြီး ဆွဲဆန့်လိုက်တဲ့အခါ တိုင်လုံးအများကြီးမလိုဘဲ ခိုင်ခံ့တဲ့အမိုးအကာရစေတဲ့ "ဥမင်ခုံး roof" (Barrel Vault) အဖြစ် ရောင်းဝယ်ဖောက်ကားရာ နေရာတွေမှာ အသုံးချလာနိုင်ခဲ့ကြပြန်တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... အဲဒီအမိုးခုံးကိုပဲ ဗဟိုချက်တစ်ခုတည်း ထားပြီး ၃၆၀ ဒီဂရီ ပတ်ချာလည် လှည့်ပစ်လိုက်တဲ့အခါ ဝန်အားကို တစ်ပြင်လုံး ညီတူညီမျှ ဖြန့်ပေးတဲ့ စက်ဝိုင်းပုံစံ "ဒိုင်အိုရမ်အမိုးခုံး" (Dome) ထွက်လာခဲ့ပါတယ်။ ဒီဂျီဩမေတြီဆင့်ကဲဖြစ်စဉ်ဟာ ဘိုင်ဇန်တိုင်းခေတ် (Byzantine Era) ရောက်တဲ့အခါ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး လေးထောင့်ကျကျ အဆောက်အအုံပေါ်မှာ အဝိုင်းပုံစံ ဒိုင်အိုရမ်ကြီးတွေကို တင်ချင်ကြရာကနေ Pendentives လို့ခေါ်တဲ့ အမိုးထောက်စနစ်နဲ့အတူ ဟာဂီယာဆိုဖီယာ (Hagia Sophia) လို အဆောက်အအုံကြီးတွေကို ဖန်တီးပြခဲ့ကြတယ်။ ဒါဟာ ကောင်းကင်ယံမှာ အမိုးကြီး မျောနေသလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ ရူပဗေဒနဲ့ ဂျီဩမေတြီရဲ့ သမိုင်းဝင် တော်လှန်ရေးပဲ ဖြစ်ပါတယ်။
နေရောင်ခြည်လမ်းကြောင်းကို လှည့်စားတဲ့ ဂျီဩမေတြီ
ကျွန်တော်တို့ အဆောက်အအုံတွေ ဆောက်တဲ့အခါ အုတ်၊ ခဲ၊ သဲ၊ ကျောက်တည်းဟူသော ရုပ်ဝတ္ထုတွေကို ပုံဖော်ရုံတင် မဟုတ်ပါဘူး... မမြင်ရတဲ့ သဘာဝတရားရဲ့ အလင်းနဲ့အပူကိုပါ ဂျီဩမေတြီနည်းနဲ့ ထိန်းချုပ်မောင်းနှင်ကြတာပါ။ ကမ္ဘာ့ပတ်လမ်းကြောင်းဆိုင်ရာ ရူပဗေဒအရ နေဟာ ရာသီအလိုက် ထောင့်အမျိုးမျိုးကနေ ကမ္ဘာမြေပေါ်ကို ဖြာကျလာတတ်ပါတယ်။ ဒါကို ဗိသုကာပညာနဲ့ ကျွန်တော်တို့က ဘယ်လိုတုံ့ပြန်လဲဆိုတော့ ပြတင်းပေါက်တွေ၊ အမိုးစွန်းတွေကို တိကျတဲ့ထောင့်တွေ တွက်ချက်ပြီး အရိပ် (Passive Shading) ရအောင် ပုံဖော်လိုက်ကြတာပါ။ ဒီလိုပုံသဏ္ဌာန်ကို ကစားလိုက်တဲ့အတွက် နွေရာသီမှာ ပြင်းထန်တဲ့ အပူရှိန်ကို အလိုအလျောက် ကာကွယ်ပေးပြီး၊ ဆောင်းရာသီကျတော့ နွေးထွေးတဲ့ နေရောင်ခြည်ကို အခန်းထဲ အလိုက်သင့် စီးဝင်စေပြန်ရော။ ကြည့်စမ်းပါ... ဘာနည်းပညာ အဆင့်မြင့်စက်ကိရိယာမှ သုံးမနေဘဲနဲ့ ဂျီဩမေတြီပုံစံ တစ်ခုတည်းနဲ့တင် သဘာဝတရားကို မျှတအောင် လှည့်စားပြီး စွမ်းအင်ချွေတာမှုကို ဖြစ်ပေါ်စေတဲ့ အတတ်ပညာဟာ ဗိသုကာပညာကလွဲရင် ဘာရှိဦးမှာလဲ။
အသံလှိုင်းတွေကို ပုံသွင်းတဲ့ ရူပဗေဒ
နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်တို့ နေ့စဉ် ကြားနေရတဲ့ "အသံ" ကို ဗိသုကာပညာနဲ့ ပုံသွင်းယူပုံကို တင်ပြချင်ပါတယ်။ ရှေးဟောင်း ဂန္ထဝင်ပြဇာတ်ရုံကြီးတွေနဲ့ ခန်းမကြီးတွေရဲ့ အတွင်းပိုင်းကို သတိထားကြည့်ရင် ကွေးညွတ်နေတဲ့ ဂျီဩမေတြီပုံစံတွေ၊ စောင်းနေတဲ့ နံရံမျက်နှာပြင်တွေနဲ့ တမင်ဖန်တီးထားကြတာကို တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ ရူပဗေဒရဲ့ "အသံလှိုင်းရိုက်ခတ်မှုဆိုင်ရာ နိယာမ" (Acoustics) အရ စင်မြင့်ပေါ်က ထွက်လာတဲ့ အသံလှိုင်းတွေကို ပရိသတ်ထံ ပျံ့လွင့်သွားစေချင်လို့ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပဲ နောက်ထပ်ထွက်လာမည့် အသံတွေကို နှောင့်ယှက်မယ့် အသံဟိန်းခြင်း (Echo) တွေကိုလည်း ဒီဒီဇိုင်းတွေနဲ့တင် ဖမ်းဆုပ်ချေဖျက်ပစ်တာ ဖြစ်ပါတယ်။ အသံချဲ့စက်တွေ၊ စပီကာတွေ လုံးဝမရှိသေးတဲ့ ရှေးခေတ်ကတည်းက ကျွန်တော်တို့ဟာ ရူပဗေဒကို ဗိသုကာပုံသဏ္ဌာန်တွေထဲ ပေါင်းထည့်ပြီး မမြင်ရတဲ့ အသံလှိုင်းတွေကိုပါ လူသားတို့ရဲ့ အနုပညာခံစားမှုအတွက် အောင်မြင်စွာ အသုံးချတတ်ခဲ့ကြတာ ဖြစ်ပါတယ်။
Luke.